အုတ်တွင်း ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် ဝန်ထမ်းမိသားစုအိမ်ရာများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဌာနဆိုင်ရာရုံး အဆောက်အဦများနှင့် ဝန်ထမ်းမိသားစုအိမ်ရာများအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသောလျှပ်စစ်မီးကြိုးအသစ် လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်သန္ဓေတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်သရုပ်ပြသခဲ့ပြီး၊ မီးသတ်ယာဥ်ဖြင့် ရေစို ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
 
     
    