စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ အမယ် ၄ မျိုး၊ ဆေးဝါးများဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်ကြီးများအား ဆီးချို၊သွေးချိုရောဂါများစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ ဆရာတော်/ သံဃာတော်များ စိတ်နှလုံးအေးချမ်းကျန်းမာစွာဖြင့် တရားဘာဝနာများပွားများ နိုင်စေရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ဆေးဝါးများဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ဆူးလေကုန်း ရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/သူနာပြုများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်များက ဆရာတော်ကြီးများထံမှ သြဝါဒကထာအား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့်ဆေးဝါးများအား ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မပါရဂူပါဠိတက္က သိုလ်ကျောင်းတိုက်ကြီး၏တိုက်အုပ်ဆရာတော်ကြီးအား ဆီးချို၊သွေးချိုရောဂါများ စစ်ဆေးပေးကာ ကုသရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီး ရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးသို့ရောက်ရှိရာ ဆရာတော်ကြီးများထံမှ သြဝါဒကထာအား နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး နှင့်ဆေးဝါးများအား ဆက်ကပ်လှူဒါန်းကြပြီး သာစံကျောင်းတိုက်ကြီး ဆရာတော်ကြီး ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်း ကြီးမြို့နယ်၊ မိုးကြိုးပြင် ကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက်အတွင်း အသစ်ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်မည့်  ဉာဏ်တော် ၈၁ ပေရှိ အောင်မင်္ဂလာမိုးကောင်းစေတီတော်အတွက် ဆရာတော်ကြီးထံ  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေ ၂၀၀ အိတ်နှင့် အလှူငွေကျပ် သိန်း ၅၀ အား ဆက်ကပ် လှူဒါန်းကြသည်။   

ဆက်လက်၍ သာစံကျောင်းတိုက်ဆရာတော်ကြီးအား ဆီးချို၊ သွေးချိုရောဂါများစစ် ဆေးပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဖူးမျှော်ကြည့်ရှုခဲ့ကြပြီး ကုသရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဆုတောင်းပြည့်စေတီတော်ကြီးဝန်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော်အားပြုပြင် မွန်းမံနေမှုများအား သွားရောက်ကြည့်ရှု ဖူးမျှော်ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)