ငဖဲ ဖေဖော်ဝါရီ ၁၄
ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည်ရေသောက်ဧရိယာများတွင် နွေစပါးစိုက်ပျိုးရန်လျာထားဧက ၁၂၇၁ အတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေသောက်ဧရိယာအတွင်းရှိ မြောင်းလက်တံအလိုက် နွေစပါးများပျိုးထောင်စိုက်ပျိုးရန် လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးတစ်လျှောက်ရှိ ကျေးရွာအုပ်စု (၇)အုပ်စု ကွင်းပေါင်း (၂၄)ကွင်းတွင် နွေစပါး (၁၂၇၁)ဧက လျာထားပြီး လက်ယာမြောင်းမကြီးမှ နွေစပါးစိုက်ပျိုးရန် ဆည်ရေပေးဝေထားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ၁၁၁၈၀၀ ဧကပေ၊ ရေအမှတ် ၆၂၂.၆၀ ပေရှိသည့်အတွက် ဆည်ရေပေးဝေနိုင်သည့်ဧရိယာမှာ နွေစပါးဧက ၁၂၇၁ ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ မန်းတမံဆည်မှ မန်းရွှေစက်ဘုရားပွဲတော်အတွက် ဆည်ရေပေးဝေသည့်အပြင် နွေစပါးများ ပျိုးထောင်နိုင်ရန်အတွက်ပါ ထပ်ဆောင်း၍ ဆည်ရေပေးဝေလျက်ရှိရာ တောင်သူများအနေဖြင့် စတင်ထွန်ယက်နေကြပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဆည်ရေအပြည့်အဝရှိသည့်အတွက် နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)