တောင်ငူ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ရွေးကောက်ပွဲအရာရှိက လူဦးရေစာရင်း (စတုတ္တမူကြမ်း)၊ (ပဉ္စမမူကြမ်း) နှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက လူဦးရေစာရင်း (စတုတ္တမူကြမ်း) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးက လူဦးရေစာရင်း (ပဉ္စမမူကြမ်း) နှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ရှင်းလင်းဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
