လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သို  ဇန်နဝါရီ  ၁၄

ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှား တတ်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် မူးယစ်ဆေးဝါးသည် စိတ်ကိုပြောင်းလဲစေပြီး အသုံးပြုမှုစွဲလမ်းစေခြင်းနှင့် အခြားကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ မည်သည့် မူးယစ်ဆေးဝါးကိုမဆို သုံးစွဲလိုက်မိပါက ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်စေနိုင်ပြီး မူးယစ်စေခြင်း၊ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေခြင်းနှင့် အခြားကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သဖြင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်းပင် မပြုလုပ်သင့်ကြောင်း၊ စိတ်ကို ပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါး၏အန္တရာယ် ကြီးမားပုံများနှင့်စပ်လျဉ်း၍  ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရ သည်။

ခင်လေးနွယ်