မြိတ်မြို့တွင် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆောင်ရွက်

မြိတ်   ဖေဖော်ဝါရီ   ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချလျက်ရှိသော အရောင်းဆိုင်များ၊ အရောင်းကိုယ်စားလှယ်များအား  စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာကို သိရှိလိုက်နာကြစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ရှေးဦစွာ စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံး ခရိုင်မြေ အသုံးချရေးတာဝန်ခံ ဒေါ်တင်မိုးအေးက မြေဩဇာဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်မျိုးစေ့ တာဝန်ခံ ဦးမင်းမင်းထွန်းက မျိုးစေ့ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့်  သီးနှံကာကွယ်ရေးဌာနခွဲ၊ လက်ထောက်ဦးစီးမှူး ဒေါ်သီရိဝင်းက ပိုးသတ်ဆေးဥပဒေ၊ အပင်ပိုးမွှားကာကွယ်ထိန်းချုပ်ရေး ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြပြီး မြိတ်ခရိုင် ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အသိပညာပေး ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချလျက်ရှိသော အရောင်းဆိုင် များနှင့် အရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား စိုက်ပျိုးရေးသုံးပစ္စည်းများဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေ၊ နည်းဥပဒေများပါရှိသည့် ပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)