မြိတ် ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇင်ထွန်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ အဆိုပါ သင်တန်းကို ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ မိုးလေဝသဆိုင်ရာ ဗဟုသုတများ၊ ရှေးဦးသူများပြုစုနည်းများ၊ အခြေခံ ကြိုးချည်နည်း၊ ကြိုးအသုံးပြုကယ်ဆယ် နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုနည်း၊ အသက်ရှူကိရိယာအသုံးပြုနည်း၊ အမှောင်ထုအတွင်း သွားလာမှုစနစ်၊ ရေတွင်းအသက်ကယ်နည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက် အအုံ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်တဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံအသက်ကယ်ဆယ်ရေး အထောက်အပံ့နှင့် လူနာသယ်ဆောင်နည်းစနစ်များ စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်း စည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေဗဟုသုတများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )