ပဲခူး ဖေဖော်ဝါရီ ၁၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတက္ကသိုလ် ကျောင်းသား/သူများက “လူငယ့်အားမာန်” တေးသီချင်းဖြင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားအား သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံ၏ အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည်အားလျော်စွာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်ဖို့ အလွန်အရေးကြီးပြီး အခြေခံကျကြောင်း၊ လူငယ်ဆိုတာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အလားအလာ အကောင်းအဆိုးများသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်နှင့် စွမ်းရည်အပေါ်မှာ တည်မှီနေကြောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရန်အတွက် လူငယ်များအနေဖြင့် လေ့လာသင်ယူခြင်း၊ ဗဟုသုတရှာဖွေစူးစမ်းခြင်း၊ မိမိကိုယ်ကို ရပ်တည်နိုင်အောင်ကြိုးစားခြင်း၊ သမိုင်းကိုလေ့လာခြင်း၊ စာပေလေ့လာဖတ်ရှုခြင်းတို့ကို အမြဲမပြတ်ကြိုးစားကာ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် လူကောင်းလူတော်များဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံ့အနာဂတ်ကောင်းမွန်တိုးတက်စေရေး လူငယ်များတွင် တာဝန်ရှိမှုအပေါ် သိရှိနားလည်နိုင်စေရေး အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားစာပေဆုရှင် မောင်ခြိမ့်က “လူငယ်တွေဘဝကို ဘာနှင့်မောင်းနှင်းကြမလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရင် စာရေးဆရာမဝတ်ရည်ခင်(ပဲခူး)က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု(၈)ကြိမ်ဆုရှင်၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ မြင်းမူ မောင်နိုင်မိုး က “တိုင်းပြည့်သစ္စာစောင့်သိပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်စေရေး၊ နှလုံးရည်ပြည့်ဝစေရန် သုတ/ရသနှင့်စာပေ၏ အကျိုးကျေးဇူးများအား အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံပညာကိုယ်ရည်တို့လှမ်းချီ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့ကြသည့် စာရေးဆရာ/ ဆရာမကြီးတို့အား ဂုဏ်ပြုလက်ဆောင်နှင့် သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဲခူးတက္ကသိုလ်နှင့် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ချီးမြင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)