အုတ်တွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းဆောင်ရည်ပြိုင်ပွဲ ပြုလုပ်

အုတ်တွင်း ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၏ ကြီးကြပ်မှုဖြင့် အုတ်တွင်းမြို့နယ် မိခင်နှင့်ကလေးကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ၂၀၂၅ ခုနှစ် ယမန်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအားကာယ၊ ဉာဏစွမ်းဆောင်ရည်ပြိုင်ပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းဝန်း၌ ကျင်းပပြုလုပ်ပေးခဲ့သည်။

ပြိုင်ပွဲများကျင်းပရာ၌ ကလေးငယ်များကို ကစားနည်းစနစ်များ၊ စည်းကမ်းများအား တာဝန်ခံဆရာမကြီး ဒေါ်စန်းသူဇာမျိုးက မှာကြားပေးခဲ့ပြီး၊ ကလေးငယ်များမှ ရိုးရိုးအပြေးပြိုင်ပွဲ၊ ပိန်ပေါင်ဇွန်းကိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆာလာအိတ်စွပ်ပြိုင်ပွဲ၊ နို့ဆီဘူးဖြင့် အလံတိုင်စိုက်ပြိုင်ပွဲ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ကြက်ဥခွံခွာပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ စသည့် အားကစားနည်း(၁၁)မျိုးပြုလုပ်ပေးခဲ့ရာ ကျောင်းရှိ ကလေးငယ်(၁၃)ဦးတို့မှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများသို့ ပြိုင်ပွဲဝင်ကလေးငယ်များ၏ မိဘများက တက်ရောက်အားပေးခဲ့ကြသည်။

ထို့​နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကျောင်းဆင်းပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း မြို့နယ်မိခင်နှင့် ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ တာဝန်ခံဆရာမကြီးထံမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)