ပုလောမြို့နယ်၌   ပုလောအသင်း (ပုလောခွဲရုံး) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ပုလော ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ပုလောအသင်း(ပုလောမြို့ခွဲရုံး) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့နေ့လယ် ၁ နာရီက ပုလောမြို့၊ ပုလောအသင်း (ပုလောခွဲရုံး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် ပုလောမြို့၊ ပုလောအသင်း (ပုလောခွဲရုံး)  နာယကဦးတင်ကြွယ်က ပုလောအသင်းကို ၁၉၅၆ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့တွင်အဝေးရောက် ပုလောသူ၊ ပုလောသားများဖြင့်  စတင်တည်ထောင်ခဲ့ပြီး ၆၉ နှစ်ရှိပြီကြောင်း၊ အသင်းဝင်ဦးရေ ၇၈၃၀ ဦးရှိ၍ အသင်းမှရရှိသည့် ရန်ပုံငွေဖြင့် အသင်းသူ/အသင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကိစ္စအရပ်ရပ်ကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ အလားတူ ပညာသင်နှစ်အလိုက် ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် အသင်းသား/အသင်းသားများအနေဖြင့် အသင်း၏ ဆောင်ပုဒ်ဖြစ်သည့် စည်းလုံးခြင်းဖြင့် အောင်စေအံ့ဆိုသည့်အတိုင်း စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးများဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် အသင်းသူ/အသင်းသားများ၏ သားသမီး (၂၀) ဦးနှင့် လူရည်ချွန် (၃)ကို ပုလောအသင်းဥက္ကဋ္ဌ  ဦးပြည်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)