ကျုံပျော် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပ သော ကလေးစာပေပွဲတော်(ကျုံပျော်)ကို ယနေ့ နံနက်ပိုင်းက ကျုံပျော် မြို့ အ-ထ-က(၁)၌ စတင်ကျင်းပလျက်ရှိရာ ယနေ့ပွဲတော်ပထမနေ့၌ လာရောက်ပါဝင် ဆင်နွှဲသူ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ကလေးစာပေပွဲတော်၌ ကျောင်းသား/ကျောင်းသူ များ၏ ကာယ၊ ဉာဏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေး၊ အထွေထွေဗဟုသုတ ရရှိရေးအတွက် အားကစားပြိုင်ပွဲများ အပါအ၀င် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် ဌာန ဆိုင်ရာ၊ NGO ပြခန်းများ၊ စာပေဟောပြောပွဲ၊ အရုပ်ဆက်၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စစ်တုရင်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲနှင့် စာအုပ်စာပေပြပွဲ၊ စာအုပ်ဈေးရောင်းပွဲများဖြင့် စုံလင်စွာ စီစဉ်ကျင်းပ ပေးလျက်ရှိပြီး ယနေ့ကလေးစာပေပွဲတော်(ကျုံပျော်)သို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀၀၀)ကျော် တက်ရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် အဆိုပါ ကလေး စာပေ ပွဲတော်ကို အ-ထ-က(၁)ကျုံပျော်၌ ဇန်နဝါရီလ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်းနှင့်ဓါတ်ပုံ - နေဝင်း(ကျုံပျော်) ၊ စိုးမင်းဦး(ပြန်/ဆက်)