ထားဝယ် ဖေဖော်ဝါရီ ၁၄
ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ Southern Coastline Group Co.,Ltd က ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီကထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကော့သောင်းမြို့နှင့် မြိတ်မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အားအနေဖြင့် ဒီဇယ်နှင့်လည်ပတ်နေရသော်လည်း လျှပ်စစ်ဓာတ်အား ၂၄ နာရီ အလုံအလောက်ရရှိနေပြီးဖြစ်ကြောင်း၊ ဓါတ်အားတစ်ယူနစ်စျေးနှုန်းအနေဖြင့် ဈေးအနည်းငယ် မြင့်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးတွင်အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ တစ်ယူနစ် ဈေးနှုန်းလျှော့ချနိုင်ရေးအတွက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းကာ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကော့သောင်းတွင် ၁၀ မဂ္ဂါဝပ် Solar Power Plant Project ဆောင်ရွက်ထားရှိပြီး ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကာ အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြိတ်မြို့နယ်တွင် ၂၀ မဂ္ဂါဝပ် Solar Power Plant ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြိတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ လျှပ်စစ်စျေးနှုန်းသက်သာပါက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကော့သောင်းမြို့ Solar Power Plant Project အနီးတွင် ရေခဲစက်၊ အအေးခန်း စက်ရုံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကင်းမွန်၊ ပုဇွန်၊ သားငါး များသည် ကမ်းနီးမှထွက်ရှိပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် တန်ဖိုးနည်းနေသည်ကို တွေ့ရကြောင်း၊ အအေးခန်းစက်ရုံရှိပါက သားငါးများကို အအေးခန်းထဲတွင်သိုလှောင်ရောင်းချပါက လိုအပ်သောဈေးနှုန်းများ ရရှိနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် Southern Coastline Group Co.,Ltd မှ တာဝန်ရှိသူများက ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်နေဆဲလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)