ကျွန်းလှ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ဘိုယားတမံအနီး လယ်မြေ ၅ ဧက၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပျိုးသက်နုကောက်ကွက်ကြဲ (SRI) နည်းဖြင့် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော မည်သည့်စပါးမျိုးမဆို စိုက်ပျိုးနိုင်ကြောင်း၊ စပါးပင်များ ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း၊ မြေ၊ အရင်းအနှီး၊ လုပ်အားနှင့် ရေတို့အကန့်အသတ်ရှိသူများ အကျိုးအမြတ်အများဆုံးရရှိကြောင်း ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဖြိုးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး ၁၆၆ ဧက စိုက်ပျိုးရန်လျာထားပြီး ဘိုယားတမံမှ ရေသွယ်စနစ်ဖြင့် ဧက ၄၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)