ဘုတ်ပြင်းမြို့၌ (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ   ၁၄

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်ထားသည့်နေရာများတွင် အသီးသီးနေရာယူကြပြီး မွန်အမျိုးသားအလံတော်အားလွှင့်ထူခြင်း၊ မွန်အမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် မွန်အမျိုးသား သီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ အခမ်းအနား သဘာပတိ ရာမညနိကာယသုခကာရီမွန်ကျောင်း ဆရာတော် သာသနာဓမ္မာစရိယဘဒ္ဒန္တဂါရဝဓဇက အဖွင့်အမှာ စကားပြောကြားသည်။ သဘာပတိနိုင်ဖေတင်က မိန့်ခွန်းပြောကြားသည်။(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ မိန့်ခွန်းကို နိုင်မင်းအောင်က မွန်ဘာသာဖြင့်လည်းကောင်း၊ နိုင်စိုးဦးက မြန်မာဘာသာဖြင့်လည်းကောင်းဖတ်ကြားခဲ့သည်။ မွန်စာပေနှင့် ယဉ်ကျေးမှုစာတမ်းကို  မိစန္ဒာအောင်က မွန်ဘာသာဖြင့်လည်းကောင်း၊ နိုင်ဌေးမြင့်က မြန်မာဘာသာဖြင့် လည်းကောင်းဖတ်ကြားခဲ့သည်။

ယင်းနောက် ဘုတ်ပြင်းမြို့နယ်(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး နိုင်ချစ်လှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရာမညနိကာယသုခကာရီမွန်ကျောင်း ဆရာတော်နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မွန်တိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် (၇၈)ကြိမ် မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                          

မြို့နယ်(ပြန်/ဆက်)