ပုလောမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားကာကွယ်ရေး အသိပညာပေး ဟောပြော

ပုလော ဖေဖော်ဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၃)နာရီက  ပုလောမြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပုလောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးက အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ မဖွယ်မရာသတင်းများ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူလျက်ရှိကြောင်း၊ မိမိမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် လက်ကိုင်ဖုန်းများမှတဆင့် မဟုတ်မမှန်လွှင့်တင်လျက်ရှိရာ ပြည်သူများအနေဖြင့် စိစစ်သုံးသပ်ရန်လိုကြောင်း၊ သတင်းတိုင်းတွင်  သတင်းအရင်း အမြစ်ရှိကြောင်း မသေချာ မရေရာသောသတင်း၊ အရင်းအမြစ်မဲ့သော သတင်းတိုင်းသည် သတင်းမှား၊ သတင်းတုများဖြစ်ကြောင်း၊ ပုလောမြို့မ ရဲစခန်းမှူးဒုရဲမှူးစိုးမင်းသန့်က သတင်းမှားတင်ပြခြင်း၊ မဖွယ်မရာသတင်းတင်လျှင် ကာယကံရှင်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ပါက အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က)၊ အရေးယူခံရမည်ဖြစ်ကြောင်း ချပြရှင်းလင်းခဲ့ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် တည်ဆဲဥဒေများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ဒေသန္တရအမိန့်များကို လိုက်နာရန်လိုကြောင်း၊ လက်ရှိတွင် ပုလော စစ်အုပ်ချုပ်ရေး နယ်မြေဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံရေးအကြောင်းအရာများနှင့်ပတ်သက်၍ ဖြစ်ပွားပါက ပုဒ်မ ၅၀၅-(က) ဖြင့် ပြစ်မှု ပြစ်ဒဏ်များဖြင့် အရေးယူခံရနိုင်ကြောင်းကို ချပြရှင်းလင်းခဲ့သည်။

အဆိုပါ သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁)ရပ်ကွက် အတွင်းနေထိုင်ကြသည့် မိဘပြည်သူများ၊ လူငယ်/လူရွယ် (၈၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)