နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ ရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ဆရာရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်အား ဆွေးနွေးရာတွင် လူတစ်ယောက်အတွက် စိတ်ထားဟာအလွန်အရေးကြီးပါကြောင်း၊ စိတ်ထားကောင်းသူများသည် ရုပ်ရည်မလှပခဲ့တောင် သူတို့မျက်နှာမှာပြုံးရွှင်၍ ကြည်လင်ပြီး ကြည့်ကောင်းသောသူများဖြစ်နေသည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း၊ စိတ်ထားမကောင်းသူများကတော့ ရုပ်ရည်လှခဲ့ရင်တောင် သူတို့မျက်နှာမှာ နီရဲစူပုပ်မျက်မှောင်ကုတ်လျက် နဂိုအလှပယ်ဖျက်ကာ မြင်ရသူဆက်ဆံရသူအပေါင်း စိတ်မချမ်းမြေ့ခြင်းများကို ဖြစ်ပေါ်စေနိုင်တာအမှန်ဖြစ်ပါကြောင်း၊ ရုပ်လည်းလှ၊ စိတ်လည်းလှလျှင်တော့ အတိုင်းထက်လွန် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံမှာဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား/သူများအဖြင့် မိမိတို့၏ အတန်းပညာတွင်သာမက စိတ်ထားကောင်းများမွေးမြူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား/ သူများနှင့် မြို့နယ်ပြန်/ဆက်မှ ဦးစီအရာရှိနင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
မူမူစန်း