ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ကာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေ ၃ နာရီက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံးအသင်း ကိုးသင်းဖြင့် အုပ်စု(၂) အုပ်စုခွဲ၍ အုပ်စုပတ်လည်စနစ်ဖြင့် ဇန်နဝါရီ (၂၂)ရက်နေ့မှစတင်၍ ဖေဖော်ဝါရီ (၁၂)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၂)အသင်းနှင့် အမှတ်(၁)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်(၂)အသင်းမှ အမှတ်(၁) အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။                       

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများအား ဦးဖိုးခွားမှ ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် အမှတ်(၁)အသင်းမှ ကျောနံပါတ်(၄) မောင်မနားအား မြို့မိမြို့ဖ ဦးအောင်ကျော်ဇံမှလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုရရှိသည့် အမှတ်(၂)အသင်းမှ ကျောနံပါတ်(၁) မောင်အောင်ကိုပိုင်အား မြို့မိမြို့ဖ ဦးလွင်ဦးမှလည်းကောင်း၊ အကောင်းဆုံးနောက်တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှ ကျောနံပါတ်(၁၆) မောင်ပိုင်ဇင်ကိုအား မြို့မိမြို့ဖ ဦးဖိုးသားမှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှ ကျောနံပါတ်(၇) မောင်ခန့်ဇော်ဇော်အား ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်းမှလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းကစားသမားဆုရရှိသည့် အမှတ်(၂)အသင်းမှ ကျောနံပါတ်(၁၁) မောင်မျိုးနေဇာအား ရဲမှူးတင်ကိုကိုမှလည်းကောင်း ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၃)(က)အသင်းအား ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၁)အသင်းအား ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းမှလည်းကောင်း၊ ပထမဆုရရှိသည့် အမှတ်(၂)အသင်းအား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းနှင့် တံခွန်စိုက်ဆုဖလားကို ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးက ပေးအပ်ချီးမြှင့်ခဲ့သည်။       

ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ (၂၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ခရိုင်ပြည်သူ့အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)