မင်းဘူးမြို့၌ လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ခြောက်သွေ့သောရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ မီးခိုးမြူငွေ့များကြောင့် လေအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဒေသတွင်း မီးခိုမြူငွေ့များကြောင့် လေအရည်အသွေးကျဆင်းမှုများဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေးတိုင်းတာရေး စက် (၂)လုံးအား အသုံးပြုပြီး အဓိကကျသောနေရာများနှင့် မြို့၏ လေအရည်အသွေးကို လွှမ်းခြုံနိုင်သောနေရာများကို ဦးစားပေး၍ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဒေသတွင်း ခြောက်သွေ့သောရာသီသို့ ကူးပြောင်းလာပြီဖြစ်၍ Hotspot များ ဖြစ်ပွားမှု လျော့နည်းစေရေး၊ မီးခိုးမြူငွေ့များကြောင့် လေအရည်အသွေးကျဆင်းမှုများ ဖြစ်ပေါ်လာသည့်အတွက် လေအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် ခရိုင်နှင့် မြို့နယ်များရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး မီးခိုးမြူငွေ့များကြောင့် လေထုအရည်အသွေးကျဆင်းမှုအား လေအရည်အသွေး တိုင်းတာရေးစက်ကိရိယာများကို စွမ်းအားပြည့်အသုံးပြု၍ အထူးအလေးထားပြီး ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်အတွင်း၌ လေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို နေရာများသတ်မှတ်၍ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တိုင်းတာစစ်ဆေးပြီး ရရှိထွက်ပေါ်လာသော လေထုအရည်အသွေးရလဒ်များကို ဒေသခံပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)