နတ်မောက် ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိကြောင်း စိုက်ပျိုးသူ တောင်သူ ကိုသိန်းမင်းထိုက်ထံက သိရသည်။
ကျေးလက်ဒေသများတွင် မိမိတို့ယာမြေများ၌ မြေအောက်ရေပေးသွင်းခြင်းဖြင့် စားဖိုချောင်သုံးအသီးအနှံများ၊ ပန်းမျိုးစုံနှင့် နှစ်ရှည်ပင်များစိုက်ပျိုးကြကြောင်း၊ ကျွန်တော်တို့အနေဖြင့် ယခုဆိုလျှင် ဖူးစားပြောင်းကို စိုက်ပျိုးထားပါတယ်၊ ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစေရန် ရေလုံလောက်စွာသွင်းရပြီး စိုက်ပျိုးပြီးနှစ်လကြာတွင် ဖူးစပြု၍သုံးလအကြာတွင် အဖူးချိုးယူရောင်းချရကြောင်း၊ ဖူးစားပြောင်းအမျိုးအစားများမှာ ထိုင်ဝမ်သကြားပြောင်းနှင့် ဗမာပြောင်းဟူ၍ နှစ်မျိုးရှိပြီး တောင်သူအများစုသည့် ထိုင်ဝမ်သကြားပြောင်းများဖြစ်သည့် နှင်းဆီဖြူ၊ ပံဖြူ၊ ပံဝါ၊ လေယာဉ်စိမ်းတံဆိပ်ကို အများဆုံးစိုက်ပျိုးကြသည်။ ဖူးစားပြောင်းများကိုပြုပြင်ပြီး ထယ်ရေးပြင်ပေါ်၌ အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမိုကြီးထွားသန်မာစေကြောင်း၊ ဖူးစားပြောင်းများကိုစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဘူးကို (၄၅၀၀၀)ခန့်ပေးဝယ်ရပြီး တစ်ဘူးစိုက်ပျိုးလျှင် စိုက်ပျိုးသည့်မြေကောင်းလျှင် တစ်ပင်ကို နှစ်ဖူးမှ လေးဖူးအထိဖူးနိုင်ကြောင်း ယခင်နှစ်များက ဖူးစားပြောင်းတစ်ဖူးလျှင် ၃၅၀ ကျပ်ဖြင့်ရောင်းချရပြီး ယခုနှစ်တွင် ဖူးစားပြောင်းဈေးနှုန်းမှာ လက်လီဈေးအနေဖြင့် တစ်ဖူးလျှင် ၆၀၀ ကျပ်ရောင်းရကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် ၅၀၀ ကျပ်နှုန်းရောင်းရကြောင်း စိုက်ပျိုးသူ မသန်းဌေးက ပြောသည်။
မူမူစန်း