ငဖဲ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က မိချောင်းနှင့်မျောက် ပုံပြင်ကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။
ထို့နောက် အခြေခံပညာမူလတန်းဆင့် ပုံတူပန်းချီဆွဲပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် Grade- 3 ကျောင်းသား/သူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ (၃)ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)