ကံမမြို့နယ်၌ ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

ကံမ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များ ကုန်စုံဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များတွင် ဆန်၊ ဆေးဝါးနှင့် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်း ညွှန်ကြားချက်အတိုင်း မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များတွင် ရောင်းချမှုရှိမရှိ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု ရှိ မရှိနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ မရှိ၊ ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ကုန်အညွှန်းပြည့်စုံမှု ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)