ငဖဲ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးချိုချိုထွန်းက အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့်အကြောင်းရင်းများ၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်မှန်ကန်စေရန်အတွက် ကျောင်းစာသာမက သုတရသ စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက အားကစားနည်းအမျိုးအစားများ၊ လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)