မင်းဘူး(စကု)မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးန္တရာယ်ကင်းဝေးစေရေး စစ်ဆေး

မင်းဘူး ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြေဆိုနိုင်နိုင်စေရန် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာသင်ကျောင်းများ၌ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် စကုမြို့အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်များ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းရေးနှင့် လျှပ်စစ်မိန်းခုံများရှိ မီးခလုပ်ဘရေကာများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ရေသန့်စက်နှင့်ရေမော်တာများရှိ မီးလိုင်းများတွင် လျှပ်စစ်ဝါယာလျှော့မဖြစ်ပွားစေရန် စနစ်တကျ သွယ်တန်းထားရှိရေး၊ ဟောင်းနွမ်း၍အသုံးပြုမရသော မီးကြိုး၊ မီးခလုပ်နှင့်လျှပ်စစ်ပစ္စည်းများ အသစ်လဲလှယ်တပ်ဆင်ထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ် မီးသတ်ဆေးဘူးများအရန်သင့် ချိတ်ဆွဲထားရှိရေးနှင့် အသုံးပြု၍မရသော မီးသတ်ဆေးဘူးများ အသစ်လဲလှယ်ထားရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ စားမေးပွဲဖြေဆိုစဉ်ကာလ ရေလှောင်ကန်များနှင့် အမြင့်တင်ရေစင်များ၌ ရေပြတ်တောက်မှုမဖြစ်ပွားစေရန် အရေးပေါ်ရေများ အရန်သင့်ဖြည့်တင်းထားရှိရေးနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးမှာကြားပြီး ပွင့်လင်းရာသီ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်ဝေးစေရန် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)