ကော့ကရိတ် ဖေဖော်ဝါရီ ၁၃
ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ် အချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ယာဉ်များစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူမှ မော်တော် ဆိုင်ကယ်မောင်းနှင်သူပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ကရင်)မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လက်ကိုင်ဖုန်းမပြောရန်၊ အရှိန်ပြင်းပြင်းမမောင်းရန်၊ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်း၍ မှေးသိုင်းကြိုးတပ်ရန်၊ ယာဉ်မောင်းရာတွင် စိတ်ရှည်သည်းခံရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာနိုင်ရန် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)