သရက်ချောင်း ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားနှင့် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး/ သူငယ်များ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန် ဆရာမများအနေဖြင့် စနစ်တကျသင်ကြားစေလိုကြောင်း စသည့်အကြောင်းအရာများဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက တက်ရောက်လာသူများအား မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားနှင့် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အခုလို အခမ်းအနားဖြစ်မြောက်အောင် ဝိုင်းဝန်ကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား ရင်သွေးငယ်များမှ အက၊ ကဗျာများဖြင့် ဧည့်ခံဖျော်ဖြေကြပြီးနောက် ဆုချီးမြှင့်ပွဲအားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် မိဘများက ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ရင်သွေးငယ်များအား ဂုဏ်ပြုလည်ဆွဲပြားများ ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)