ကော့သောင်း ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လူငယ်များ ယနေ့ခေတ်ဆိုရှယ်မီဒီယာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် အမှားအမှန်၊ အကောင်း/ အဆိုးကို ခွဲခြားသိမြင်နိုင်စေသည့် အသိပညာဗဟုသုတများ ရရှိစေနိုင်မည့် စာအုပ်စာပေများ လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်းနှင့် လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ လေ့ကျင့်ပျိုးထောင်ကြရန်၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချတတ်ကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းက အားကစားပြုလုပ်ရသည့် ရည်ရွယ်ချက်များအကြောင်း၊ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူများအကြောင်း၊ အားကစားကို နည်းစနစ်မှန်မှန်ကစားနိုင်စေရန် နည်းလမ်းများအကြောင်း၊ နှစ်စဥ်အားကစားပြိုင်ပွဲများ ပြုလုပ်ပေးနေသည့်အခြေအနေများ၊ ထူးချွန်သည့် ကစားသမားများအတွက် ရရှိနိုင်မည့်အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)