ကြံခင်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.ထ.က (ခွဲ) ကရင်စုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၅၀ ဦးတက်ရောက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ကျောင်းစုမှူးဆရာကြီး ဦးကျော်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်များအသိပညာဗဟုသုတဖွံဖြိုးလာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ စားသုံးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စာသုံးရန်မသင့်သည့် အစားအသောက်များ၊ ရက်လွန်အစားအစားများ စားသုံးမိပါက ဘေးထွက်ဆိုးကျိုးများအား အကျယ်တစ်ဝင့် ရှင်းလင်းဟောပြောကြားပြီး Book Club အဖွဲ့ဝင် ဦးမျိုးဝင်း (ဆောင်းနတ်ရှင်ကြံခင်း) က လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။
ထိုနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)