အထက်မင်းလှ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ (OCV)တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတွင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာ နုယဉ်ခင်က ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ဆေးထိုးနှံရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သန္တာစိုးက ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်များနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးထွန်းလင်းသူက ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားစေတတ်သည့်အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်နည်းလမ်းများ၊ ကျန်မာရေးမှူးအဆင့်-၁ ဒေါ်မာမာမြင့်က ကာကွယ်ဆေးသိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းစဉ်များစသည်တို့ကို ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ သင်တန်းသို့ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမ(၄၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ(OCV) တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးနိုင်ရေး အနုစိတ်စီမံချက်ရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ဇာဇာ(အထက်မင်းလှ)