ကလေးစာပေပွဲတော်(ကျုံပျော်) ပထမနေ့အားကစားပြိုင်ပွဲများ၌ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ကျုံပျော် ဇန်နဝါရီ  ၁ဝ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာ ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပ‌သော ကလေးစာပေပွဲတော် (ကျုံပျော်) ကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့ အ-ထ-က(၁)၌ စတင်ကျင်းပလျက်ရှိရာ ယနေ့ပွဲတော် ပထမနေ့ အားကစားပြိုင်ပွဲ အစီအစဉ်များတွင် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား၊ကျောင်းသူများဖြင့် စည်ကား လျက် ရှိကြောင်း သိရသည်။

ကျောင်းသား၊‌ကျောင်းသူများ၏ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာ‌ပျော်ရွှင်ရေးအတွက်အာလူးကောက်၊ ဂုံနီအိတ်စွပ်အ‌ပြေးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများကို ကလေးစာပေပွဲတော်၌ ထည့်သွင်းစီစဉ် ကျင်းပပေးလျက်ရှိရာ ယနေ့အဆိုပါအားကစား ပြိုင်ပွဲများတွင် ကျောင်းသား၊‌‌‌‌ ကျောင်းသူများ   ပျော်ရွှင်စွာပါဝင်ဆင်နွှဲ လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များချီးမြှင့်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကလေးစာပေပွဲတော်(ကျုံ‌ပျော်)ကို ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့ နှစ်ရက်တိုင်တိုင် အ-ထ-က (၁)ကျုံပျော်မြို့တွင် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅) နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ အပါအ၀င် ပြခန်းများ၊ စာပေဟောပြောပွဲ၊ အရုပ်ဆက်၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စစ်တုရင်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲနှင့် စာအုပ်စာပေပြပွဲ၊စာအုပ်ဈေးရောင်းပွဲများဖြင့် စုံလင်စွာစီစဉ်ကျင်းပပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - နေဝင်း(ကျုံပျော်) ၊ စိုးမင်းဦး(ပြန်၊ဆက်)