ဂန့်ဂေါ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေး က အဖွင့်အမှာစကားပြောကြားပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက နာနတ်သီးကဗျာ၊ ဝါဆိုပန်းခူးကဗျာ၊ ချိုးကလေးကဗျာ၊ သပြေသီးမှည့်ကဗျာနှင့် လိမ္မာတဲ့ကလေးကဗျာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဘက်စုံထူးချွန်ဆု ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ပေးအပ်သည့် ရောင်စုံခြယ်ခဲတံများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ(၁၄)ဦးအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ခင်စန္ဒာစိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကာ စေတနာရှင်အလှူရှင်များက ကလေးငယ်များအား ဆုငွေ၊ မုန့်နှင့်အချိုရည်များကို အသီးသီးပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူလေးများအား ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မောင်မျိုးမင်း(ပြန်/ဆက်)