ဖောင်းပြင်မြို့နယ်၌ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဆွေးပုံပြုလုပ်နည်း ပညာပေး ဆောင်ရွက်

ဖောင်းပြင် ဖေဖော်ဝါရီ ၁၃

တောင်သူများအနေဖြင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများအား မြေဆွေးပုံပြုလုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြခြင်းဖြင့် စိုက်ပျိုးရေးတွင် ကုန်ကျစရိတ်သက် သာစေရန်၊ ကျန်းမာရေးနှင့်ညီညွှတ်သော သဘာဝအသီးအနှံများ ထုတ်လုပ်နိုင်စေရန်နှင့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ကို လျှော့နည်းစေရန်ရည်ရွယ်၍ လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲရိုးနှင့် အခြားသီးနှံများမှ စွန့်ပစ်ပစ္စည်းတို့ကိုအခြေခံ၍ ပြုလုပ်နိုင်သည့် ဘိုကာချီမြေဆွေးပြုလုပ်နည်း အသိပညာပေးပြသဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့က ပြသဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးချစ်ဝင်းက သဘာဝမြေဆွေးပုံပြုလုပ်နည်း ပြသရခြင်း၏ရည်ရွယ်ချက်များနှင့် ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ပြသကာ သဘာဝမြေဆွေးပြုလုပ်ရာတွင်ပါဝင်သည့် EM ဖျော်ရည်ပြုလုပ်နည်း၊ သုံးစွဲနည်းများ၊ သုံးစွဲခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်တို့ကို ဖြန်ဝေပေးခဲ့ကြသည်။

အဆိုပါ သဘာဝမြေဆွေးပြုလုပ်နည်း ပညာပေးပြသရာ အ.လ.က (ကုန်းအောက်တောင်း) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်း သူများနှင့်ကျေးရွာမှ ပြည်သူများက လာရောက်လေ့လာခဲ့ကြ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)