လိပ်သိုမြို့၌ (၂၅) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး

လိပ်သို ဖေဖော်ဝါရီ ၁၃

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့၌ (၂၅)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲနှင့် ငွေစင်ဂျူဗလီပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၁၁)ရက်နေ့ အထိ မယ်တော်ဂူ ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွဲတော်ကြီးကို အမိမယ်တော်သခင်မ၏ အောင်မြင်ခြင်းအလံနှင့် ပုပ်ရဟန်းမင်းကြီး အလံတို့အား လွှင့်တင်ခြင်းဖြင့် စတင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၉)ရက်နေ့အထိ နိုဗီနားဆုတောင်းခြင်းနှင့် စိပ်ပုတီးစိပ်ခြင်း၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင်  ဂျူဗလီတံခါးဖွင့်လှစ်ခြင်းနှင့် မစ္ဆားပူဇော်ခြင်း၊ ညနေပိုင်းတွင် စိပ်ပုတီးမယ်တော် စီတန်း လှည့်လည်ခြင်းနှင့် ကျန်းမာခြင်းမစ္ဆားတရားတော်မြတ်ကြီး တင်ပူဇော်ခြင်း၊  ဖေဖော်ဝါရီလ (၁၁) ရက်နေ့နံနက်ပိုင်းတွင် ဂျူဗလီမစ္ဆားနှင့် ကျေးဇူးတင်ခြင်း မစ္ဆားတရားတော်မြတ်ကြီး၊ ညနေပိုင်းတွင် စိပ်ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း၊ မယ်တော်အလံချခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း ဘုရားဖူးလာဘာသာဝင်များ၊ ဧည့်သည်ပရိသတ်များ ကြည့်ရှုအားပေးနိုင်ရန် ကျေးရွာရပ်ကွက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘောပြိုင်ပွဲ (၂၅) သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ (၁၆) သင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)