စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၂

၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုရင်ပြင် တွင်ကျင်းပပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နံနက် ၅ နာရီ၊ မိနစ် ၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အခမ်းအနားသို့တက်ရောက်လာသူများနှင့် ဂုဏ်ပြုခံတပ်ဖွဲ့တို့မှ အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် အဆိုပါ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့လာသည့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့်သား ဖွားသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်းသား၊သင်တန်းသူများ၊ လူမူရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားသို့တက်ရောက်လာသူများ၊ ဂုဏ်ပြုခံတပ်ဖွဲ့တို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ကဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အခမ်းအနားသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲကြောင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ပြသထားရှိမှုများအား ကြည်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)