တောင်တွင်းကြီး​မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီအချိန်တွင် တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးဝန်း၌  ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်အဖွဲ့များဖြစ်ကြသည့် အုန်းတော(၁)ရပ်ကွက်၊ အုန်းတော(၂)ရပ်ကွက်၊  ရွှေကြာအင်း(၁)ရပ်ကွက်၊ မောင်းတိုင်(၂)ရပ်ကွက်၊  တောင်ပြင်(၂)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်၊  တရုတ်ကောကျေးရွာအုပ်စုနှင့် အောင်းစုကျေးရွာအုပ်စုတို့ ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်ပေးဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများဖြစ်သည့် ကြိုတင်ပြင်ဆင်မှု၊ စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ နည်းစနစ်မှန်ကန်မှုနှင့် သန့်ရှင်းသပ်ရပ်မှုတို့ကို စိစစ်အမှတ်ပေးခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပဆောင်ရွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များတီး၍ ကခုန်အားပေးကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အဖွဲ့များ၏ ပျော်ရွှင်စွာစုပေါင်းထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၂ ဆု တို့ကို ဆုရရှိသည့် အဖွဲ့များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)