ကန့်ဘလူ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် (၂၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲ ၂ နာရီက အဆိုပါစေတီတော် မဟာဗောဓိညောင်ပင်ကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအသင်းများ၊ ရပ်ကွက်အသင်းများ စုစုပေါင်း ၁၁ သင်းပါဝင်ယှဥ်ပြိုင်ကြရာ ရှေးဦးစွာ အမှတ်ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်ထားရှိမှုများကို အကဲဖြတ်စစ်ဆေးပြီး ထမနဲထိုးပြိုင်ပွဲကို စတင်ယှဥ်ပြိုင်ကြရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ထမနဲထိုးပြိုင်ပွဲအပြီးတွင် အမှတ် (၂) ရပ်ကွက်အသင်းက ပထမ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက ဒုတိယ၊ အမှတ် (၁) ရပ်ကွက်အသင်းက တတိယ ဆုများ အသီးသီးရရှိခဲ့ကြသည်။ထို့နောက် ဆုရရှိသောအသင်းများအား နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
အဆိုပါထမနဲထိုးပြိုင်ပွဲသို့ နည်းဗျူးဟာမှူး ဗိုလ်မှူးကြီး မြတ်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ ထမနဲထိုးပြိုင်ပွဲအား လာရောက်အားပေးသူများ၊ ရပ်ကွက်နေပြည်သူများက အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် တခဲနက်လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)