ကြံခင်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်အုပ်စု၊ မင်းသီရိ(၁- ရပ်ကွက်)တွင် ယမန်နေ့နံနက် (၉) နာရီက မဟာသကျမုနိစေတီတော်မြတ်ကြီး ဆွမ်းတော်ကြီးကပ်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် မဟာသကျမုနိဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ကံသုံးဆင့်ကျောင်းဆရာတော် ဦးထေရဝံသနှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်ပြီး ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒဓမ္မဇောတိကဓဇ ဘန္ဒန္တဝါယမထံမှ သရဏဂုံနှင့် ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် မဟာသကျမုနိဓမ္မရုံသစ်ကြီးတွင် တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်အား ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က အနေကဇာတင်ကာ ပရိတ်ပဋ္ဌာန်းများ ရွှတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝတ္ထု(အလှူငွေ)များ ဆက်ကပ်လှူဒါန်းပြီး မဟာသကျမုနိစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရွှေက စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စေတီကြီးအား နှစ်စဉ်ထုံးသင်္ကန်းဆပ်ကပ်လှူဒါန်းမှု၊ ဓမ္မာရုံသစ်ကြီးအတွက် မတည်ထည့်ဝင် အလှူရှင်များ၏ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဆောက်လုပ်လှူဒါန်းပေးခြင်းများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ဆက်လက်၍ ရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူပြီး အလှူရှင်များက ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ ဧည်ပရိတ်သတ်များအား နေ့လယ်စာဒံပေါက်ထမင်းဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ အဆိုပါ သိမ်တော်ကြီးသည် အလျား ၇၀ ပေ၊ အနံ ၄၀ ပေ စုစုပေါင်း ငွေကျပ်တန်ဖိုး ၁၂၃၅၉၁၅၀၀ိ/- တန်ဖိုးရှိကြောင်း မဟာသကျမုနိဂေါပကအဖွဲ့ထံမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)