ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြော

ယင်းမာပင်   ဇန်နဝါရီ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စာသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစေရေး ကျောက်မှော်ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ကျောက်မှော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဌေးက  စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများဖြစ်သည့် ပြင်ပစာပေဗဟုသုတများ ရှာဖွေဖတ်ရှုလေ့လာရေး၊ ကျောင်းနေစဉ် ကျောင်းသားဘဝကပင် အမျိုးသားစည်းကမ်းများကို  ဆောင်ရွက်တတ်စေရေး အသိပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့က စားသုံးရန်မသင့်သော စားသောက်ကုန်များ၊ သက်တမ်းလွန် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ စားသောက်သုံးစွဲမိသဖြင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ယင်းနောက် ကျေးရွာအတွင်း ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်ရေး ကွင်းဆင်းစစ်ဆေးရာ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့က ကုန်ပစ္စည်းများတွင် မြန်မာစာ စာတန်းနှင့် အခြားဘာသာစာတန်းများ တွဲလျက်ပါဝင်မှသာ ဝယ်ယူရောင်းချစေလိုကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီနှင့် နေရပ်လိပ်စာပါဝင်မှု၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲပါဝင်မှု၊ ပါဝင်သည့် ပစ္စည်းအမျိုး အမည်ပါဝင်မှုများ သေချာကြည့်ရှုပြီးမှသာ ဝယ်ယူရောင်းချ စေလိုကြောင်းတို့ကို ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပညာပေး ရှင်းလင်းပြောကြား သည်။

သန်းဌေးအောင်(ကနီ)