ထားဝယ် ဖေဖော်ဝါရီ ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၅ နာရီ မိနစ် ၃၀ တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနားကိုကျင်းပရာ အလံတင်တပ်စုမှဦးဆောင်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က နိုင်ငံတော်အလံကိုတိုင်ထိပ်သို့လွှင့်တင်ခဲ့ပြီး တက်ရောက်လာသောဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇ နာရီတွင်ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦး ခန့် တက်ရောက်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင် နေရာယူပြီးဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသောဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီးဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကိုတီးမှုတ်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကြသည်။
၎င်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဖတ်ကြားပြီးဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)