ထားဝယ် ဖေဖော်ဝါရီ ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးတို့က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတို့က ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုပြကွက်များနှင့်မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာ ပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့်တူရိယာပစ္စည်းများ၊ ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်)မှပြသထားသည့် Product Show သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းနှင့် Reference Book များ၊ ဒေသမှ ထွက်ရှိသော MSME ပြခန်းများစသည့် ပြခန်း(၁၅)ခန်းအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာဒေသခံပြည်သူများက ပြခန်းများကိုစိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ပြခန်းများအား ခင်းကျင်းပြသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ညနေပိုင်းတွင် ဒေသခံ ပြည်သူများအား စင်တင်တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)