စစ်ကိုင်း ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးကအမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်မိမိကျော်က လူငယ်များနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်ဝင်းရွှေက သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမင်းဇော်က သဲကန္တာရတိုက်ဖျက်ရေးနှင့် ရာသီဥတုဖောက်ပြန်ယိုယွင်းမှုဟန့်တားလျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ကေဇင်စိုးက အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးချုပ်ရုံးမှပေးပို့သော သဲကန္တာရတိုက်ဖျက်ရေးနှင့် အသိပညာပေးဆောင်ရွက်မှု Video Clip အား ပြသပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်( ပြန်/ဆက်)