မြန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေနံမြေတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မြန်အောင် ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေနံမြေတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မော်ထွေးတို့က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗဟုသုတများနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် "ပြည်ထောင်စုနေ့" ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်များကိုလည်းပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးငြှိမ်းသတ်နည်းစနစ်၊ ဖုံးအုပ်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်နည်းတို့အား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)