မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့ အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်း၌  ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့များဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဉီးစီးဌာနစသည့် ဌာနဆိုင်ရာများ စုပေါင်း၍လည်းကောင်း၊ ရ.စ.ကနှင့် မြို့ပေါ်ရှိရပ်ကွက်(၁၃)ရပ်ကွက်၊ ဆန်လုပ်ငန်းအသင်းများ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းများ စုစုပေါင်းထမနဲထိုးအဖွဲ့(၂၆)ဖွဲ့တို့ ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်ပေးဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများဖြစ်သည့် ကြိုတင်ပြင်ဆင်မှု၊ စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ နည်းစနစ်မှန်ကန်မှုနှင့် သန့်ရှင်းသပ်ရပ်မှုတို့ကို စိစစ်အမှတ်ပေးခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပဆောင်ရွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များတီး၍ ကခုန်အားပေးကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဆိုပါ အဖွဲ့(၂၆)ဖွဲ့ရှိ ဝန်ထမ်းများမှ ပျော်ရွှင်စွာစုပေါင်းထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊ တတိယဆု ၁ သိန်းကျပ်နှင့် နှစ်သိမ့်ဆု ၂ ဆု တို့ကို ဆုရရှိသည့် အဖွဲ့များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)