မိုးညိုမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုးညို ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ‌ယမန်နေ့နံနက် ၁၀ နာရီက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာ‌စောင်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့အကြောင်း သိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးအတွက် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာ‌စောင်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ အ.လ.က(ခွဲ) ကျွန်းကလေးအခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးက "ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် ပြိုင်ပွဲဝင်အားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် အ.လ.က(ကျွန်းကလေး)မှ ဆရာမကြီးတို့က ဆုချီးမြင့်ခြင်းနှင့် အမှတ်တရလက်ဆောင်များ၊ လက်ကမ်းစာ‌စောင်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက ပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။             

ကိုမင်း(ပြန်/ဆက်)