မြဝတီ ဖေဖော်ဝါရီ ၁၁
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သွေးစည်းညီညွတ်မှုကို ပြသခဲ့သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့၏အမည်များကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်အောင်က မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများနှင့် ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန်ပလတ် စတစ်အိတ်သုံးစွဲမှုလျော့ချရေးတို့ကို ရှင်းလင်းဟောပြောပေးပြီး အကြောင်းအရာများအား ကဏ္ဍတစ်ခုချင်းစီ ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးပြဘုတ်၊ အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)