ပေါင်းတည်၌ ဖူးစားပြောင်း သီးထပ်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

ပေါင်းတည် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းသီးနှံကို ရာသီမပြတ် စိုက်ပျိုးလျက်ရှိရာ ယခုသီးထပ်စိုက်ပျိုးလျက်ရှိသည့် မန်ကျီးပင်ကျေးရွာအုပ်စု တောင်သူများ၏ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ထိုင်ဝမ်ပြောင်းမျိုးကို စိုက်ပျိုးသူများပြားပြီး သက်တမ်းရက် ၉၀ မျိုးများဖြစ်ကြောင်း ၊ ဒေသစျေးကွက်မှ ဝယ်ယူမှု အမြဲရှိနေ၍ ရာသီမပြတ် စိုက်ပျိုးထားကြောင်း၊ ဝယ်ယူသူများသည် စိုက်ခင်းများအထိ လာရောက်ဝယ်ယူလျက်ရှိပြီး ယခုရက်ပိုင်း၌ ပြောင်းဖူးစိမ်းတစ်ဖူးလျှင် ၃၅၀ ကျပ်စျေးနှုန်းရရှိကြောင်း၊ ပြောင်းစိုက်တောင်သူများသာမက ဝယ်ယူလက်လီပြန်လည်ရောင်းချသူများပါ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြ​ကြောင်းသိရသည်။

ယခုနှစ်၌ မြို့နယ်အတွင်း ပြောင်းစိုက်ပျိုး​မှုမှာ ၁၈၃၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး ယင်းစိုက်​ပျိုးမြေများပေါ်တွင် ရာသီမရွေးအလှည့်ကျ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရေကို မိုးရေ၊ ချောင်းရေသာမက မြေအောက်ရေကိုပါ ထုတ်ယူသုံးစွဲရကြောင်း၊ ဒေသစျေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးရေးအတွက် ရိတ်သိမ်းပြီး ​ပြောင်းစိုက်ခင်းဟောင်းများအား မြေပြန်လည်ပြုပြင်ရန် မြေသြဇာဖြည့်တင်းခြင်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ယခုအခါ ဇန်နဝါရီလလယ်ပိုင်းက ဆက်လက်စိုက်ပျိုးထားကြသည့် ပြောင်းစိုက်ခင်းအသစ်များမှာလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ရွှေသား (IPRD )