မြဝတီ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က အမှတ်(၁) ရပ်ကွက်၊ စနေဆွမ်းလောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ပြဌာန်းရခြင်းရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးက ပြည်သူ့ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှယာယီရွှေ့ဆိုင်းခွင့်ရရှိနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်းများ၊ ပြည်သူ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများမှ ရရှိနိုင်မည့်အခွင့်အရေးများစသည့် အကြောင်းအရာတို့ကိုလည်းကောင်း ပရိုဂျက်တာဖြင့် ရှင်းလင်းပေးသည်။
ထို့နောက် တက်ရောက်ကြသည့် ရပ်ကွက်ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပေးပြီး “ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ”လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)