ကျုံပျော် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲသို့ ဌာနဆိုင်ရာများနှင့် တိုက်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင်အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ တစ်ပျော်တစ်ပါး လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ထမနဲ တစ်ဒယ်အတွက် ခွင့်ပြုချိန် (၁)နာရီခွဲ သတ်မှတ်ပေးထားပြီး၊ လျှို့ဝှက်ဒိုင်အဖွဲ့များက မြန်ဆန်မှု၊ အနံ့၊ အရောင်၊ အရသာ ကောင်းမွန်မှု၊ သန့်ရှင်းမှု၊ စည်လုံးမှု၊ အားပေးမှု၊ ဝတ်စားဆင်ယင်မှုတို့ကို အဆင့်ဆင့် အကဲဖြတ်အမှတ်ပေးကြရာ ပထမဆုကို စိုက်ပျိုးရေးနှင့် ဌာနဆိုင်ရာများ အဖွဲ့(၇)ကလည်းကောင်း၊ ဒုတိယဆုကို စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများအဖွဲ့(၆)ကလည်းကောင်း၊ တတိယဆုကို ပညာရေးနှင့် ဌာနဆိုင်ရာများ အဖွဲ့(၄)ကလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး၊ အားပေးမှုအကောင်းဆုံးဆု၊ ခင်းကျင်းပြသမှု အကောင်းဆုံးဆုနှင့် အထူးဆုများကိုလည်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)