ဒေးဒရဲ ဖေဖော်ဝါရီ ၁၁
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် သဲကုန်းကလေးကျေးရွာအုပ်စု၊ မှော်အိုင်ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာတွင်းလမ်း၊ တံတားများ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး ရေတွင်း၊ ရေကန်တူးဖော်ပေးခြင်း၊ ရေသန့်စင်စနစ်များ ဆောင်ရွက်ပေးခြင်းနှင့် မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးလက်ဒေသများ မီးလင်းရေး အသေးစား ဆိုလာဓာတ်အားပေးစနစ် Solar Mini- Gridနှင့် တစ်အိမ်သုံးဆိုလာစနစ်များ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုဖွင့်လှစ်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်မှုပြယုဒ်ဖြစ်ပြီး ဖွံ့ဖြိုးမှုများ ရေရှည်တည်တံ့အောင် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီအောင်က စီမံကိန်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထိုနောက် ကျေးရွာတွင်းကွန်ကရစ်လမ်းအား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းကို (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ (၁၅) သန်း၊ ပြည်သူထည့်ဝင်ငွေ (၃)သန်း၊ စုစုပေါင်းလုပ်ငန်းတန်ဖိုး (၁၈)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီက တာဝန်ယူဆောင်ရွက်ခဲ့သည့် အရှည် (၇၂၅) ပေ၊ အကျယ် (၁၀) ပေ၊ ထု (၆) လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းအား ခင်းကျင်းပြီးစီးခဲ့ရာ ၎င်းကျေးရွာတွင်း ကွန်ကရစ်လမ်းတည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် မှော်အိုင်ကျေးရွာရှိ အိမ်ထောင်စု (၄၁၂) စုရှိ ကျေးရွာနေပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ (၁၆၀၈)ဦး ရာသီမရွေး သွားလာနိုင်ပြီး ဒေသထွက်ကုန်များအား ကုန်လမ်းခရီးသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ရာ ကျေးရွာပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း