ရေနံချောင်းမြို့၌ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေး ကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့အနားယူခြင်း အစားထိုးရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့က အိုးဘိုရပ်ကွက်ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် အကျော်စူဠာမြသီတာ တန်ဆောင်းတော်အတွင်း၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင် တောင်ဖီလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသက အစီရင်ခံစာဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ထို့နောက် ကြီးကြပ်ရေးအဖွဲ့က လစ်လပ်သွားသော မြို့နယ်သံဃဝန်ဆောင်ဆရာတော်များနှင့် ရပ်/ကျေး သံဃနာယကဆရာတော်များ၏ နေရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အစားထိုးရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဟောင်းဆရာတော်များနှင့်အဖွဲ့ဝင်သစ်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့များနှင့် ဒကာဒကာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်