ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်လေးပင် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်းနှင့်ပတ်သက်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီက ညောင်လေးပင်မြို့ အ.မ.ကမူလွန် မယ်ဇလီခင်ကျေးရွာကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.ကမူလွန် မယ်ဇလီခင်ကျေးရွာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း စသည့်လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)